ရှမ်းရွာသစ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်

ရှမ်းရွာသစ်  ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဆုရရှိသူများအား ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသူလေးများက ဝါကာဝါကာသီချင်းဖြင့် ဦးစွာကပြဖျော်ဖြေပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းကစား သမားဆု၊ အလယ်တန်း ကစားသမားဆု၊ နောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် ဇွဲအကောင်းဆုံးဆုများကို မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့နယ်၊ ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးဦးကြည်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ (၅)ရက်နေ့မှ (၈) ရက်နေ့အထိ မြို့အတွင်းရှိ အခြေခံ ပညာမူလတန်းကျောင်းပေါင်း (၆)ကျောင်းမှ ကျား/မ ဘောလုံး အသင်း (၁၂)သင်းဖြင့် (၄)ရက်တာကာလကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

ဇင်လေး(ပြန်/ဆက်)