မြန်အောင် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နှင့်ကြံခင်းမြို့နယ်အတွင်းရှိ မမြဆည်ရေလှောင်တမံနှင့် ကွန်ချောင်းဆည်ရေလှောင်တမံမှ နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးရန် ယခုလပထမပတ်မှစ၍ ရေပေးဝေလျက်ရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံ၌ ရေလှောင်ပမာဏ (၇၁၄၀၀)ဧကပေ ရေသိုလှောင်ထားရှိပြီး မြန်အောင်မြို့နယ်အတွင်း နွေစပါးလျာထား(၂၉၇၄)ဧက၊ ဆောင်းသီးနှံ(၁၃၉၅) ဧက စိုက်ပျိုးနိုင်ရန် ရေပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။
ကြံခင်းမြို့နယ် ကွန်ချောင်းဆည်ရေလှောင်တမံ၌ ရေလှောင်ပမာဏ (၉၈၄၀၀)ဧကပေ ရေသိုလှောင်ထားရှိပြီး ရေလှောင်တမံဆည်ရေဖြင့် မြန်အောင်မြို့နယ်အတွင်း နွေစပါလျာထား (၁၄၃၅)ဧက၊ ဆောင်းသီးနှံ (၆၆၈၆)ဧက စိုက်ပျိုးနိုင်ရန် ရေပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။
မမြဆည်ရေလှောင်တမံနှင့် ကွန်ချောင်းဆည်ရေလှောင်တမံမှ လက်ဝဲလက်ယာ မြောင်းမကြီးများအပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက်လက်တံခွဲမြောင်းများတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်းနှင့် နွေစပါးစိုက်ပျိုးရာတွင် ရေညီညွတ်မျှတစွာရရှိရေးအတွက် ဆည်ရေအသုံးချသူများအဖွဲ့(WUG) အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှသိရှိရသည်။
ဝင်းဗိုလ်
မြန်အောင်(ပြန်/ဆက်)