ကလိန်အောင်မြို့၌ တောမီးကာကွယ်ငြှိမ်းသတ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာမှ ဒေသခံပြည်သူများအား တောမီးကာကွယ်ငြှိမ်းသတ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။

အခမ်းအနားတွင် ကလိန်အောင်မြို့ နယ်‌မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး မျိုးဆွေဦးက တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းရုံး ဝန်ထမ်းများတို့ကို  ‌ပွင့်လင်းရာသီ‌ရောက်ရှိပြီးဖြစ်၍ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာသူ၊သားများအား တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ တာဝန်ရှိသူများက တောမီးကာကွယ်ငြှိမ်းသတ်ရေး လုပ်ငန်းသုံးပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့ပြီး နယ်‌မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး မျိုးဆွေဦးနှင့်အဖွဲ့ဝင်များတို့က ရုံးဝင်းအတွင်းဌာနပိုင် အဆောက်အဦးများ မီးဘေးလုံခြုံရေးအတွတ် စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)