သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ

သံတောင်ကြီး ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊   သံတောင်ကြီးမြို့နယ် တွင်ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုဇန်နဝါရီလတွင် ဂေါ်ရခါးသီးများဝယ်လိုအားကောင်းပြီး ဈေကောင်းရရှိကြောင်း သိရသည်။

အဆိုပါသံတောင်ကြီးဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြု ခြင်းကြောင့် လူကြိုက်များသည့်သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊  မိုး၊ ဆောင်း ရာသီမ‌ရွေး အသီးသီးသည်။

ဂေါ်ရခါးသီးများကို အိမ်တွင်စားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့တင်ပို့ရောင်းချကြသည်။ သံတောင်ကြီးဒေသထွက် ဂေါ်ရခါးသီးတပိဿာလျှင်ကျပ် (၁၀၀၀)မှ (၁၂၀၀) ထိရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ်ရရှိကြောင်း ဂေါ်ရခါးသီးစိုက်ပျိုးလုပ်ကိုင်သူ နော်အယ်ဝါးထံက သိရသည်။

နော်လော်မူ