ဟင်္သာတ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ထူးချွန်ဆုများပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က စတင်၍ အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများမှ “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းက မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စိတ္တ၊ မိတ္တဗလစသည့် ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရေး၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဥ် ငါးရပ်နှင့်အညီ ခေတ်မှီနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်မှစီမံဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့ကျောင်းသားလူငယ်များအနေဖြင့် မိမိတိုင်းပြည်နိုင်ငံတော်ကို ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်အောင် ပိုမိုကြိုးသားကြစေလိုကြောင်း၊ ဆရာ/ဆရာမများနှင့် မိဘများကလည်း နိုင်ငံတော်မှ အားထားရသော သားကောင်းသမီးကောင်းများ ဖြစ်လာစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုမှ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသား/သူများအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား /သူများအား လည်းကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဟင်္သာတမြို့နယ်မှ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယုနှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ အခြေခံပညာ ကျောင်းသား/သူများမှ တေးသီးချင်းသရုပ်ဖော်များ၊ အကများဖြင့်ပြန်လည် ဖျော်ဖြေပေးခဲ့ကြပြီး အ.ထ.က(၃) ကျောင်းသား ကျောင်းသူများမှ "ဇာတိမာန်” သီချင်း ဖြင့်ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယုနှင့်ဝန်ထမ်းများ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသား/ သူများ စုစုပေါင်းအင်အား(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)