တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ

ကျွန်းစု ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျွန်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက  အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသစီးပွားရေးနှင့် အထွေထွေကိစ္စရပ်များတွင် အခက်အခဲရှိပါက တင်ပြပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကပကျေးရွာ၊ တီးပူကျေးရွာ၊ ကဘင်းချောင်းကျေးရွာနှင့် တာရပိုင်းကျေးရွာများမှ တိုင်းရင်းသားများက ဒေသအတွင်း လိုအပ်လျက်ရှိသည့်ကဏ္ဍရပ်များကို တင်ပြခဲ့ကြရာ ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြိတ်ခရိုင်၊  စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းခိုင်က စိုက်ပျိုးရေးကဏ္ဍများအားလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက တိုင်းရင်းသားဘာသာရပ် သင်ကြားမှုကဏ္ဍများအားလည်းကောင်း၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများအလိုက် အခက်အခဲများကို သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်းအားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းရင်သားရေးရာဝန်ကြီးနှင့်အဖွဲ့သည် တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကပကျေးရွာအုပ်စု၊ ကပကျေးရွာရှိ အားမာန်သစ်မူကြိုကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း ခြံ(၆) ကျောင်းသို့ကွင်းဆင်း၍တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍရပ်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)