ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီအသစ်များ ဈေးကောင်းရနေသောကြောင့် တောင်သူများအဆင်ပြေ

ရေနံချောင်း ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီများ အသစ်ဝင်ရောက်နေပြီး ဈေးကောင်းရနေကြောင်း တောင်သူများထံက သိရသည်။

 “လတ်တလော ဆောင်းကြက်သွန်နီအသစ်တွေပေါ်နေပါပြီ။ ဈေးကတော့ ကြက်သွန်နီဥအနေအထားပေါ်မူတည်ပြီး ၁၀၀ ပိဿာကိုငွေကျပ် ၁၉၀၀၀၀ ကနေ ၂၀၀၀၀၀ ကျပ်အထိ ရောင်းရပါတယ်”ဟု ရေနံချောင်းမြို့နယ် ဖောင်းကတောကျေးရွာနေ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ်ဆောင်းကြက်သွန်စိုက်ရာသီတွင် ဧရာဝတီမြစ်ရေကျပြီးနောက် ကြက်သွန်နီဥအသေးမျိုးကို စိုက်ပျိုးခဲ့ရာ လက်ရှိပေါက်ဈေးနဲ့ တွက်ချေကိုက်ပြီး အဆင်ပြေကြောင်း တောင်သူတစ်ဦးထံက သိရသည်။

ယခင်နှစ်က ဆောင်းသီးနှံကြက်သွန်နီကို ဧက ၂၂၅၀ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဆောင်းကြက်သွန်နီ ၃၀၇၉ ဧက လျာထားလုပ်ကိုင်လျက်ရှိရာ ယနေ့အထိ ၂၅၀၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုစာရင်းအရ သိရသည်။

မြို့နယ်(ပြန်/ဆက်)