ငဖဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည်စုံစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးချိုချိုထွန်းက အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ဦးဆောင်ဆွေး နွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9 မှ မခင်ရတနာက လူငယ်နှင့်ပညာရေး၊ မနွေးရတီ က လူငယ်နှင့်နည်းပညာ၊ Grade-8 မှ မောင်စိုးဝေဖြိုးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ မနန်းဧကရီချိုက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပါဝင်ဆွေးနွေးသည့် ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)