ရေဦး ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် ရေဦးကုန်းကျေးရွာတွင် ဆောင်းသီးနံမုံညင်း ထိုင်၀မ်၊ ကိုရီးယားကိုက်လန် သီးနှံပင်နှစ်မျိုးစိုက်ပျိုးဖြစ်ထွန်း၍ မိသားစုမီးချောင်အတွက် အထောက်အပံ့ရရှိလျက်ရှိသည်။
“ဆောင်းသီးနှံကို တစ်ကြိမ်တစ်ခါမျှ မစိုက်ခဲ့ဘူးပါဘူး၊ ဒီနှစ်နိုင်ငံရေးအခြေအနေအရမိသားစု စားဝတ်နေရေး ကြပ်တည်းလာမှုကြောင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝမ်းစာအတွက် အထောက်အပံ့ဖြစ်စေဖို့ရည် ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်၊ စိုက်ပျိုးတဲ့မြေနေရာက မကျယ်ပေမဲ့ ၂၅ ပေ ပတ်လည်ရှိတဲ့မြေကွက်လပ်ကလးမှာ မိသားစုမီးဖို ချောင်အတွက် အထောက်အပံ့ရရှိရန် မျိုးစေ့ထုပ်၀ယ် စိုက်ပျိုးခဲ့တယ်၊ အစကတော့ ကိုက်လန်နှင့် ခဥ နှစ်မျိုးစိုက်မည်ဟု မျိုးစေ့ထုပ်၀ယ်စိုက်ခဲ့ပါတယ်၊ ခဥပင်ဆိုပြီးမျိုးစေ့ထုပ်၀ယ်စိုက်ခဲ့တာ ပေါက်ပြီးနှစ်ပတ်လောက်မှာ ကိုက်လံသီးနှံဖြစ်နေတယ်၊ မျိုးစေ့ထုပ်မှာ ခဥပုံပါတယ်၊ သိတဲ့သူပြလိုက်တော့မှ ကိုရီးယားကိုက်လန်ဆိုပြီး သိရတယ်၊ ကိုက်လန်နှစ်မျိုးဖြစ်သွားတယ်၊ သီးနံနှစ်မျိုးပေါင်း အပင် ၁၆၀ စိုက်ထားပါတယ်၊ အခု အပင်သက်တမ်းက ရက် ၄၀ ရှိပါပြီ၊ တစ်ပတ်တစ်ကြိမ် ကိုက်လန်ဖူးခူး ယူစားသုံးလို့ရ နေပြီဖြစ်ပါတယ်၊ မြေရိုင်းမို့လားမသိဘူး အပင်တွေက အတော်ဖြစ်ထွန်းလာတယ်၊ မည်သည့်ဓါတုဆေးမှ မဖျန်းပါဘူး၊ ရိုးရိုးပဲစိုက်ပါတယ်၊ အော်ဂဲနစ်စစ်စစ်စိုက်ထားတာ ဖြစ်ပါတယ်၊ ကိုက်လံပင်က အဖူးကိုပဲချိုးယူပြီး အမျိုးမျိုးချက်စားကြတယ်၊ ဈေးကွက်မှာ အဖူးသုံးလေးခက်ပါ ကိုက်လံဖူးတစ်စည်း ငွေ ၅၀၀ ကျပ်ပေး၀ယ်ကြရတယ်၊ ကျွန်တော်အပင်တွေနှစ်လပြည့်ရင်တော့ အပင်အားလုံးနီးပါးအဖူးစုံကာ တစ်ပတ်နှစ်ကြိမ် တော့ခူးယူချက်ပြုတ်စားနိုင်မှာ ဖြစ်ပါတယ်၊ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလိုပဲပတ်၀န်းကျင်နေအိမ်များပါ ပေးဝေသွားမှာပါ၊ ကုန်ကျစရိတ်က မျိုးစေ့ဖိုးငွေ ၁၅၀၀ ကျပ်ပဲကုန်ကျပါတယ်၊ တစ်ပိုင်တစ်နိုင်တော့ စိုက်သင့်ပါတယ်” ဟု တစ်ပိုင်တစ်နိုင် ကိုက်လံစိုက်သူဦးမွှေးနီက ပြောသည်။
သန်းသန်း(ရေဦး)