ဘားအံ ဇန်နဝါရီ ၉
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ဘားအံမြို့၏ ၂၀၂၃ ပညာသင်နှစ်ချဉ်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းသင်တန်းသူများအနေဖြင့် ရိုးရာရက်ကန်းပညာများ တိမ်ကောပပျောက်မှုမရှိစေရန်၊ ရက်ကန်းလုပ်ငန်းများ ဖွံ့တိုးတက်လာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ထောက်ပံ့ပေးလိုက်သော ရက်ကန်းစင်များဖြင့် တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ကြခြင်းဖြင့် မိသားစုအတွက်လည်းဝင်ငွေရရှိစေမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်အတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီနှင့် သင်တန်းသူ တစ်ဦးလျှင် တစ်လနှစ်သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန် သင်တန်းသူ(၂၁)ဦးအတွက် လက်ရက်ကန်းစင်ကြီးတစ်စင်စီနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းသူများအား လက်ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား သင်တန်းသူများထံပေးအပ်ပြီး ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများအား ထောက်ပံ့ပေးအပ်မည့် ရက်ကန်းစင်များကိုလည်းကောင်း၊ သင်တန်းသူအိပ်ဆောင်များကိုလည်းကောင်း၊ စားဖိုဆောင်နှင့် စားသောက်ဆောင်တို့ကိုလည်းကောင်း၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (ဘားအံ)၏ ရိုးရာထည်များပြခန်းနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ အရောင်းပြခန်းတွင် ရောင်းချရန် ခင်းကျင်းပြသထားသော ကရင်ဖားစည်းနှင့်ကျွဲချို၊ ဝါးနှီးတို့ဖြင့်ရက်လုပ်ထားသော လွယ်ပလိုင်း၊ ခမောက်၊ ထိုင်ခုံ အစရှိသော လက်မှုပညာပစ္စည်းများ၊ အဝတ်အထည်များ၊ ဒေသထွက်စားသောက်ကုန်များ၊ ရိုးရာယဉ်ကျေးမှုတူရိယာပစ္စည်းများကိုလည်းကောင်း၊ သင်တန်းသူများ၏ ရိုးရာဂျပ်ခုတ်နှင့် လက်ရက်ကန်း ရက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အခြေခံပညာနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ စာဆိုတော်လအထိမ်းအမှတ် စာပေဟောပြောပွဲနှင့် မဲဇာတောင်ခြေရတုသရုပ်ဖော်ပြဇာတ် တင်ဆက်ပွဲအခမ်းအနားကို နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဆိုတော်လအထိမ်းအမှတ် စာပေဟောပြောပွဲနှင့် မဲဇာတောင်ခြေရတု သရုပ်ဖော်ပြဇာတ်တင်ဆက်ခြင်းအတွက် ငွေကျပ် ၃၅၀၀၀၀၀ (သုံးဆယ်ငါးသိန်း)ကို ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး ဦးသန်းအောင်(မောင်လူဝိုင်း)က ဘုန်းနှင့်ကံနှင့်ရွှေသဇင်(ရာမရကန်)ကို ဦးအောင်မြင့်(ပညာရေးအငြိမ်းစား)မှ နောက်ခံအတီးသရုပ်ဖော်ဖြင့် ဟောပြောကာ မဲဇာတောင်ခြေရတု သရုပ်ဖော်ပြဇာတ်ကို အခန်း(၄)ခန်းဖြင့် အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းမှ တစ်ကျောင်းလျှင်(၁)ခန်းစီဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဖျော်ဖြေတင်ဆက်ကြသော ကျောင်းသား၊ကျောင်းသူများက ပြည်နယ်ဝန်ကြီးချုပ်အား ဂါရဝပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာပေဟောပြောပေးပါသော စာပေပညာရှင်နှင့် အတီးပညာရှင်၊ ဖျော်ဖြေတင်ဆက်ပေးသော အခြေခံပညာအထက်တန်းကျောင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသော ဧည့်ပရိသတ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)