မေတ္တာ ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်အေးအေးချိုက ကျောင်း သားလူငယ်များအနေဖြင့် ဗဟုသုတကြွယ်ဝစေဖို့အတွက် စာပေများဖတ်ရှုလေ့လာဖို့လိုကြောင်း၊ စာဖတ်ခြင်းအားဖြင့် မိမိတို့တတွေရဲ့ စိတ်နှလုံးကိုနူးညံ့စေရုံသာမက၊ ဦးနှောက်ကိုလည်း အသိတရားတွေ တိုးပွားစေနိုင်ကြောင်း၊ အမြင်ကျယ်လာနိုင်ကြောင်း၊ စကားလုံးတွေလည်း ကြွယ်ဝလာနိုင်ကြောင်း၊ လူငယ်များစာဖတ်ခြင်းဖြင့် စာပေရဲ့တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေကို မိမိကိုယ်တိုင် အမှန်တကယ်ဖတ်ရှုလေ့လာတဲ့အခါမှာ သိရှိလာနိုင်မှာဖြစ်ပါကြောင်း၊ အသက်ရှူခြင်းဟာ လူကိုရှင်သန်စေသလိုပဲ စာဖတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ဘဝကို ရှင်သန်စေကြောင်း၊ စာဖတ်ခြင်းဖြင့် သတင်းအချက်အလက်အသစ်တွေကို သိရှိလာနိုင်ပြီး အတွေးအမြင်သစ်တွေကိုလည်းရှာဖွေတွေ့ရှိလာနိုင်မှာဖြစ်ပါကြောင်း၊ စာဖတ်တယ် ဆိုတာဟာမှန်ကန်သင့်မြတ်စွာ ကြည့်တတ်၊ သိတတ်၊ အသုံးချတတ်ဖို့အတွက် လေ့လာသင်ယူခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာပေများကိုကြိုးစား ဖတ်ရှုကြရန်လိုကြောင်း စသည့်အကြောင်း အရာများအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတို့မှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးချို၊ မေတ္တာ(ပြန်/ဆက်)