မကွေး ဇန်နဝါရီ ၉
၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ပြီး ယခုလို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် နေရာဒေသမရွေး လူမျိုးမရွေး လူအများစုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာကစားနိုင်သည့် ကစားနည်းဖြစ်သလို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ကစားရသည့် အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာပြီး ခေတ်စနစ်နှင့်ညီသော အားကစားနည်းစနစ်များ တိုးတက်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရန်နှင့် အုပ်ချုပ်သူ/ နည်းပြများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။
ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြိုင်ပွဲအတွက် အားကစားပစ္စည်းများပေးအပ်ရာ အုပ်ချုပ်သူနည်းပြများက အသီးသီးလက်ခံရယူခဲ့ပြီး ပထမဆုံးပွဲစဉ်အဖြစ် သရက်ခရိုင်အသင်းနှင့် အောင်လံခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် သရက်ခရိုင်၊ အောင်လံခရိုင်နှင့် ချောက်ခရိုင်အသင်းတို့ကလည်းကောင်း၊ အုပ်စု(ခ)တွင် ပခုက္ကူခရိုင်၊ မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့ကလည်းကောင်း ပတ်လည်ကစား၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)