ထားဝယ် ဇန်နဝါရီ ၉
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုတို့ဖြင့် မျက်စိအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့ မှမျက်စိအထူးကုဆေးအဖွဲ့၊ ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများပူးပေါင်း၍ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါဝေဒနာရှင်များအား ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိအခြားရောဂါ စမ်းသပ်စက်တို့ဖြင့် မျက်စိအထူးကုဆေးအဖွဲ့၊ မျက်စိဆရာဝန်ကြီးများက အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်းကို စမ်းသပ်စစ်ဆေးပေးခြင်းများကို ဇန်နဝါရီ(၁)ရက်မှ (၈)ရက်အထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ရဟန်း၊ ရှင်၊ လူပြည်သူ စုစုပေါင်း(၄၄၁)ဦး၊ ခွဲစိတ်လူနာ(၇၅)ဦး၊ လေဆာဖြင့်ကုသသူ(၃)ဦး အားဆောင်ရွက်ပေးနိုင်ခဲ့ပြီး Intra Ocular lens (IOL)မျက်စိအတွင်းထည့် မှန်ဘီလူး(၇၅)ခုအား အခမဲ့ထောက်ပံ့ပေးခဲ့သည်။
ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ရဟန်း၊ ရှင်၊ လူပြည်သူမျက်စိရောဂါဝေဒနာရှင်များ လာရောက်ပြသကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)