ကံမမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

ကံမ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့လည်(၂)နာရီက ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် စားအုန်းဆီပိဿာ (၂၂၀၀)အား ဒေသခံပြည်သူများကို (၁)ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားအုန်းဆီများ ရောင်းချရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျောက်စောင်းကျေးရွာအုပ်စု၊ ရေနံ့သာကျေးရွာအုပ်စု၊ ပုဇင်းနိမ့်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအုပ်စုနှင့် ကျောက်ပဒေါင်းကျေးရွာအုပ်စုတို့မှ စုစုပေါင်း အိမ်ထောင်စု(၂၂၀၀)စုတို့အား အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ပြီး ရောင်းချရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)