မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူး ပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ဘုရားပွဲတော်ရက်မတိုင်မီ အချိန်မီပြုပြင်ဆောင်ရွက်ပြီးစီးနိုင်ရန်နှင့် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မင်းဘူးမြို့၊ ရှင်ပင်စက္ကိန်းတဲဘုရားကြီးရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကြွရောက်တော်မူလာသည့် မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံ မန်းရွှေစက်တော်ရာဘုရားကြီးနှင့် ပတ်သက်သည့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ မန်းရွှေစက်တော်ရာဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် မကွေးမြို့၊ အောင်မြေရတနာကျောင်း တိုက်နာယက ၊ (တိုင်း/ဥက္ကဋ္ဌ ၊ တိုင်းအကျိုးတော်ဆောင်ဆရာတော်) ဘဒ္ဒန္တသုမန၊ ရွှေစက်တော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တခမာစာရ၊ ဘဒ္ဒန္တစန္ဒဝံသနှင့် မင်းဘူးမြို့၊ သာသနာ့ဝေပုလ္လ မှန်ကင်းကျောင်းတိုက်နာယကဆရာတော် ဘဒ္ဒန္တပုည (မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ) ဆရာတော်ကြီးများက သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကြီးအား လာရောက်ဖူးမြော်ကြသည့် ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘုရားကြီးအထက်စက်တော်ရာ ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့် အောက်စက်တော်ရာ ဘုံခုနှစ်ဆင့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများကို ဘုရားပွဲတော်ရက်မတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အသီးသီး ဩဝါဒ မြွက်ကြားချီးမြှင့်တော်မူခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြုပြင်ပြီးစီးရေးနှင့် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)