ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူက ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ထက်မြက်စေရန်အတွက် ဆရာ၊ မိဘပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် နှစ်စဉ်ပညာရေးစုံညီပွဲတော်ကျင်းပပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့် လူရည်ချွန် ပထမဆုရရှိသည့် ကျောင်းသားတစ်ဦးနှင့်(Grade-1)မှ (Grade-12)အထိ ကျောင်းတွင်း စွမ်းရည်ပြိုင်ပွဲများ၊ ကာယ၊ ဉာဏဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းအလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်လာသူများကို အကပဒေသာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)