မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ ၁၀၂၁၄၀ ဧက စိုက်ပျိုးပြီးစီး

မုံရွာ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲဧက ၁၀၂၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။

မုံရွာ ခရိုင်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၀၆၇၂၄ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃-ခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၀၂၁၄၀ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

" ဒီနှစ် မုံရွာခရိုင်မှာ ဆောင်းကုလားပဲ၁၀၆၀၀၀ဧက ကျော်လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၁၀၂၀၀၀ဧက ကျော်စိုက်ပျိုးပြီးပါပြီ။ ဆက်လက်၍လည်း စိုက်ပျိုးလျက်ရှိပါတယ်။ အထွက်နှုန်းကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်" ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြသည်။

မုံရွာခရိုင်တွင် မြို့နယ်အလိုက် ဆောင်းကုလားပဲစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာမြို့နယ်တွင် ၁၆၅၄၇ဧက၊ ချောင်းဦးမြို့နယ်တွင် ၂၈၆၃၈ဧက၊ ဘုတလင်မြို့နယ်တွင် ၅၂၁၁၀ဧကနှင့် အရာတော်မြို့နယ်တွင် ၄၈၄၅ ဧက စုစုပေါင်း ၁၀၂၁၄၀ ဧက ဖြစ်ကြောင်း၊လျာထားမှုအနေဖြင့် မုံရွာမြို့နယ်တွင် ၁၇၇၉၀ဧက ၊ ချောင်းဦး မြို့နယ်တွင် ၂၇၂၈၀ဧက၊ ဘုတလင်မြို့နယ်တွင် ၅၂၃၉၄ဧက နှင့် အရာ‌တော်မြို့နယ်တွင် ၉၂၆၀ ဧက စုစုပေါင်း ၁၀၆၇၂၄ဧက ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်တွင် ယခင်နှစ် ‌ကုလားပဲစိုက်တောင်သူများကို ကုလားပဲတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊   မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)