ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲကျင်းပ

ဝေါ ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲအခမ်းအနားကို ဇန်နဝါရီလ ၈ ရက်၊ နံနက် ၉း၃၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိ သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အနာဂတ်အတွက် ကျရာအခန်းကဏ္ဍများတွင် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြမည့် အနာဂတ်မျိုးဆက်သစ်ဖြစ်သော ကျောင်းသားလူငယ်လူရွယ်များကို အစကောင်းမှအနှောင်းသေချာဆိုသော စကားရပ်နှင့်အညီ စာပေ၊ ဂီတအနုပညာနှင့် ကာယဉာဏစွမ်းရည်များပြည့်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန် မျှော်မှန်းချက်ကြီးမားစွာဖြင့် အစဥ်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးကြည်စိုးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့်၊ ဗဟိုအဆင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင်တို့တွင် ထူးချွန်ဆုရရှိသူ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၂)ဦးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထူးချွန်ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့်ပညာရေးစုံညီပွဲသို့ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ ကျောင်းသား၊ ကျောင်းသူများက တေးသီးချင်းသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ ပညာ့ဗိမ္မာန်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)