ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကဝ ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့‌မွန်းလွဲ ၁ နာရီက ကဝမြို့နယ် မီးသတ်ဦးစီးဌာန၊ ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် မီးဘေးနှင့် သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီးအဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို သင်တန်းသား(၃၀)ဖြင့် ဇန်နဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)