စေတုတ္တရာ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပလတ်စတစ်အိတ် ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး၊ သုံးစွဲမှုပပျောက်ရေးအတွက် အသိပညာပေးခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး အင်ဖတ်များသုံးစွဲရေး အသိပညာပေးလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးဆောင်သော သက်ဆိုင်ရာပူးပေါင်းဌာနများက ယနေ့နံနက်ပိုင်းက စေတုတ္တရာမြို့မဈေးကြီးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသက်နိုင်နှင့် အတူ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စျေးတာဝန်ခံများနှင့် စျေးအကျိုးတော်ဆောင်များလိုက်ပါလျက် စေတုတ္တရာမြို့မဈေးကြီးအတွင်း စျေးရောင်းချသူများအား ပလတ်စတစ်အိတ် လျှော့ချ သုံးစွဲရေးနှင့် သုံးစွဲမှုပပျောက်ရေးတို့အတွက်ရောင်းကုန်များ ထုတ်ပိုးမှုအစားထိုး ဒေသထွက်အင်ဖက်များကို တစ်ဆိုင်ချင်းလိုက်လံ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့မစျေးကြီးအတွင်းသို့ အသိပညာပေးဟောပြောခြင်းနှင့် အင်ဖက်များ အခမဲ့ဝေငှပေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)