မယ်စဲ့ ဖေဖော်ဝါရီ ၂၆
တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီ ဥတုနှင့်အညီ လိုက်လျော ညီထွေမည့် အလားအလာရှိသော တောင်စောင်း စိုက်ပျိုးရေးစနစ်ကို တောင်သူများကိုယ်တိုင်ကျင့်သုံး စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်းပပျောက်ရေး ဒေသခံ တောင်သူများအား ကွင်းဆင်း အသိပညာပေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ များပြားသည်ကို တွေ့ရကြောင်း၊ မည်သည့် နည်းစနစ်တွေနှင့် ဆောင်ရွက်လျှင် ဒေသအတွက်၊ တောင်သူတွေအတွက် အကျိုးရှိနိုင်ပုံနှင့် တောင်သူများဆောင်ရွက်ရမည့် နည်းပညာများ၊ အခက်အခဲများ ကိုလည်း ဆွေးနွေးမေးမြန်းတင်ပြနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးယဉ်ထွန်းက တောင်ပေါ် ဒေသနေ လယ်သမားများ အနေဖြင့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက် စေလိုကြောင်း၊ သမားရိုးကျလယ်ယာလုပ်ငန်းအား ရေရှည်တည်တံ့သော နည်းပညာ၊ ဗဟုသုတ များ ရရှိကာ ရွှေ့ပြောင်း တောင်ယာစနစ်မှ တောင်စောင်းစိုက်ပျိုးရေးစနစ်ကို ပြောင်းလဲ စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လွိုင်ကော်ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမင်းလင်းနိုင်က ရွှေ့ပြောင်း တောင်ယာ စနစ်၏ အကျိုးဆက်ကြောင့် သစ်တောပြုန်းတီးမှု မရှိစေရေး၊ သီးနှံနှင့် သစ်တောများရောနှောစိုက်ပျိုးရေးကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲမြင့်က ဒေသခံတောင်သူများ မိရိုးဖလာစိုက်ပျိုးခြင်းထက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲကာ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ သုံးစွဲနိုင်ရေးကို အသိပညာပေး ဟောပြောသည်။
တက်ရောက်လာသော ဒေသခံတောင်သူ ဦးကြီးများက ဆောင်ရွက်ရမည့် နည်းပညာများ၊ ဈေးကွက်ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ သိလိုသည်များ ကို မေးမြန်းရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ပေါ်ဒေသ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးလုပ်ကိုင်သူ ဒေသခံတောင်သူ လယ်သမားများ စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)