ပိုင်ကျုံ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကအားထား လုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ကိုင်းမြေများ၌ တပိုင်တနိုင် ပဲတောင့်ရှည်မျိုးများကိုလည်း စိုက်ပျိုးထားကြသည်။
ပဲတောင့်တွင် အပင်ပုမျိုးနှင့်အပင်ရှည်မျိုး ဟူ၍နှစ်မျိုးခွဲခြားစိုက်ထားကြသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ မြေဩဇာအဖြစ် တရိစ္ဆာန်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကိုသာ အများဆုံးအသုံးပြုကြသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင် နှင့်တစ်ပင် (၉-၁၂)လက်မခွာ၍ စိုက်ပျိုးကြသည်။ ယခုပဲတောင့်ရှည်ပေါ်ချိန်၌ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် မိသားစု အတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
ပိုင်ကျုံမြို့ရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့ပိုင် ကိုင်းမြေများပေါ်တွင် မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရာသီပေါ်သီးနှံများဖြစ်သည့် ပဲတောင့်ရှည်မျိုးများအပြင် ကစွန်းရွက်၊ မုန်လာ၊ ငရုပ်၊ မုန်ညင်း၊ သခွါးနှင့် အခြားဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထား ကြကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)