ထန်းတပင် ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်းလွန် ကျောင်းသူကောင်းဖြစ်တွင် ကျောင်းသား/ ကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေး မြင့်မားစေရန်၊ အတွေးအခေါ်မှန်ကန်စေရေးရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်စပါယ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက လူငယ်နှင့်စာပေအကြောင်းအရာကိုလည်းကောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ပြည့်ဖြိုးခိုင်က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံ ကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)