စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ စီစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေး တက်ရောက်

မုံရွာ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စီစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအနေဖြင့် ရရှိထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်အပေါ်တွင် စီစီစစ်စစ်နှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးမှုများအား အထောက်အကူပြုပြီး နိုင်ငံတော်၏ ဦးစားပေးမူဝါဒများနှင့် ကိုက်ညီသည့် လုပ်ငန်းစီမံကိန်းသစ်များ၊ လုပ်ငန်းသစ်များကိုသာ ရေးဆွဲတင်ပြကြရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာ၌ ရသင့်ရထိုက်သည့် ရငွေများအပြည့်အဝရရှိရေး၊  အခွန်အခများနှင့်ပတ်သက်ပြီး  ခေတ်ကာလနှင့် ဆီလျော်သည့် နှုန်းထားများဖြစ်ရေး၊ လျာထားငွေများအတိုင်း အပြည့်အဝကောက်ခံရရှိရေး၊ နှစ်ဟောင်းကြွေးကျန်များ ပြန်လည်ရရှိရေးနှင့် ဌာနဆိုင်ရာရငွေများအား သက်ဆိုင်ရာဌာနစာရင်းသို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာပေးသွင်းရေးတို့ကို ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

လျာထားချက်ပါ အသုံးစရိတ်များအား ဘဏ္ဍာရေးနှစ်ကုန်တွင် အပြည့်အဝမသုံးစွဲနိုင်ပါက ပိုလျှံငွေပြန်လည်အပ်နှံသွားရမှာဖြစ်ပြီး အပ်နှံသည့်အခါ မူလလျာထားသည့်အတိုင်း မသုံးစွဲနိုင်ပါက နိုင်ငံတော်၏မူဝါဒ၊  ရည်မှန်းချက်၊  လုပ်ငန်းစဉ်များအပေါ် ထိခိုက်နိုင်ပါကြောင်း၊ မူလလျာထားချက်နှင့် အမှန်စာရင်းများကွာဟသည့်အတွက် ဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်လျာထားချက်နှင့် အကောင်အထည်ဖော်မှုအပေါ် ယုံကြည်စိတ်ချရမှုကို ထိခိုက်စေပါကြောင်း၊ ထိရောက်ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်မှ ရည်မှန်းဆောင် ရွက်လျက်ရှိသည့် မူဝါဒ၊ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်း ခြေငွေစာရင်းများအား ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့် ရငွေနှင့် အမှန်သုံးစွဲနိုင်မည့် အသုံးစရိတ်တို့ကိုသာ လျာထားရေးဆွဲသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ သာမန်ငွေစာရင်းအရအသုံးဆိုင်ရာများအား လည်းကောင်း၊ တိုင်းဒေ သကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စီစစ်ညှိနှိုင်းခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ ကြောင်း သိရသည်။   

တိုင်းဒေသကြီး (ပြန်/ဆက်)