ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပကြသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်က အဖွင့်အမှာစကား ပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသော အချက်များအား အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  စွမ်းရည်ပြည့်ဝပြီး ထက်မြက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိဦးကိုကိုနိုင်က  သင်တန်းမှပို့ချသော ဘာသာရပ်များအား လေ့လာမှတ်သားကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လိုက်နာဆောင်ရွက်သွားရန် ပြောကြားပါသည်။

ထို့နောက်အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအား တူညီဝတ်စုံများ၊ စာရေးကိရိယာများ၊ ဆေးဝါးပစ္စည်းများကို တာဝန်ရှိသူအသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၂၀၀)ဦးတက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ(၈)ရက်နေ့မှ  ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)