ကျောက်တံခါးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်တံခါး ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း(ကျောက်တံခါး)ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများ၊ ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန်လိုအပ်ကြောင်းတို့ကို ပြောကြားပြီး ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဦးဇော်မင်းထွန်းက ပညာရေးစုံညီပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့စသည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ(အင်္ဂလိပ်/သင်္ချာ) ထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့်မှ ကျောင်းသူ/သားများ၊ ထူးချွန်ဆရာ/ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)