စလင်း ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးအတွင်း အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိသိရှိနိုင်ရန်နှင့် စလင်းစည်ပင်သာယာပန်းခြံအတွင်း သာယာလှပစေရန် ဆောင်ရွက်ထားရှိမှု၊ စည်ပင်သာယာရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် မြို့မစည်ပင်သာယာစျေးအတွင်း အသားငါးရောင်းချသည့် စျေးဆိုင်များအား ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ ဒုဦးစီးမှူး ဦးဟိန်းထက်နေဝင်း၊ စျေးတာဂန်ခံ ဦးညီညီစန်းနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စည်ပင်သာယာစျေးကြီးအတွင်း ဖွင့်လှစ်ရောင်းချသည့် အသားငါးဆိုင်များမှ ပြည်သူလူထုအနေဖြင့် အသားငါးများကို သတ်မှတ်စျေးနှုန်းများဖြစ်သည့် ဝက်သား (၁)ပိသာ ၁၂၀၀၀ကျပ်၊ အရိုးတစ်ပိသာ ၅၀၀၀ ကျပ်၊ ကလီစာ တစ်ပိသာ ၈၀၀၀ကျပ်၊ ဆိတ်သားတစ်ပိသာ (၁၅၀၀၀)ကျပ်၊ အရိုးတစ်ပိသာ ၆၀၀၀ ကျပ်၊ ကလီစာတစ်ပိသာ ၁၀၀၀၀ ကျပ်၊ အမဲသားတစ်ပိသာ ၁၂၀၀၀ ကျပ်၊ အရိုးတစ်ပိသာ ၅၀၀၀ ကျပ်၊ ကလီစာတစ်ပိသာ ၈၀၀၀ကျပ်ဖြင့် စျေးနှုန်းများသတ်မှတ်၍ ဝယ်ယူစားသုံးနိုင်စေရန် အသားငါးများရောင်းချရာတွင် စျေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက လက်ကိုင် အသံချဲ့စက်များကို အသုံးပြု၍ ကြေညာချက် ထုတ်ပြန်အသိပေးဆောင်ရွက်ခြင်း၊ အသားငါးစျေးနှုန်းများ ဆိုင်ပိုင်ရှင်များအနေဖြင့် စျေးဆိုင်ခန်းများ အသားရုံများအတွင်း ဗီနိုင်းဆိုင်းဘုတ်များ ချိတ်ဆွဲ၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်စျေးနှုန်းများအတိုင်း စျေးနှုန်းမှန်ကန်စွာ ရောင်းချလျက်ရှိပြီး စလင်းမြို့စည်ပင်သာယာပန်းခြံအတွင်း သာယာလှပစေရန် ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း