ဒေးဒရဲ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကလေးများ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံကလေးများနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)ရပ်ကွက် နေ့ကလေးထိန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကလေးများ ကျောင်းနေပျော်၍ ဥာဏ်ရည်ထက်မြက်လာစေရေးအတွက် မိဘ၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်ပပေးမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများက နေ့ကလေးထိန်းကျောင်းရှိ ကလေးများ ကျန်းမာသန်စွမ်းစေရေးအတွက် ပဲနို့နှင့်အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း