စစ်ကိုင်းမြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်

စစ်ကိုင်း ဇန်နဝါရီ ၈

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပန်းတိုင်ထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီတာလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးဇော်ဦးက ပန်းတိုင်ထွက်နှူန်းရရှိရေးနည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တောင်သူကြီးများ သီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်‌ ရွေးချယ်စိုက်ပျိုးတတ်စေရန်၊ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်စေရန်၊ မြေဩဇာများသုံးစွဲရာတွင် စနစ်တကျသုံးစွဲတတ်စေရန်၊ရိတ်သိမ်းရာတွင် အလေအလွင့်မရှိစေရန် နည်းပညာပေး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ စိုက်ပညာရှင်များက သီးနှံများ အထွက်နှုန်းရရှိရေး ဆောင်ရန်ရှောင်ရန် အချက်များနှင့်နွေစပါး၊ မတ်ပဲ၊ နေကြာ၊ ဆောင်နှမ်း၊ အစေ့ ထုတ်ပြောင်း၊ ဝါ၊ ပဲတီစိမ်း၊ ဆောင်းမြေပဲ သီးနှံများအထွက်နှုန်း ရရှိစေမည့် နည်းပညာများကို ဆွေးနွေးပို့ချပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)