စလင်း ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ် (၈)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ် လဝက ဦးစီးမှူးရုံး ဝန်ထမ်းများမှ အုပ်စုများခွဲ၍ ဇန်နဝါရီလ(၈)ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသက် (၁၈)နှစ်ပြည့်ပြီးသူများနှင့် ၂၀၀၈ ခုနှစ်အထက် မွေးဖွားသူများ၊ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးသူများအား နိုင်ငံသားစီစစ်ရေးမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးနိုင်ရေး ရှေ့ပြေးပုံစံနှင့် နိုင်ရှေ့ပြေးပုံစံနှင့် နိုင်-၂ ပုံစံများ ကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ စလင်းမြို့ပေါ် (၈)ရပ်ကွက်အတွင်း နေထိုင်သူပြည်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများအရောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း၍ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိနေသေးသည့် ကျေးရွာများသို့ ဆက်လက် ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာများ၌လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်အေးထံမှ သိရှိရသည်။
(မောင်လွင်)စလင်း