ပွင့်ဖြူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် မတ်ပဲသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး မတ်ပဲသီးနှံစိုက်ဧက ၁၃၂ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစေဖို့အတွက် နိုဝင်ဘာလ ဒုတိယပတ်လောက်က စတင်စိုက်ပျိုးခဲ့ကြသာကြောင့် အခုဆိုရင်တော့ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဒေသခံတောင်သူတွေကို ဆောင်းသီးနှံအလိုက် သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်စေဖို့ လိုအပ်တဲ့ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ အချိန်မီ စိုက်ပျိုးနိုင်တဲ့အတွက် မတ်ပဲသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ နောက်ပြီး မတ်ပဲသီးနှံက ဈေးကွက်ရှိတဲ့ သီးနှံဖြစ်လို့ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေးအတွက် ဆောင်းသီးနှံရာသီမှာ အားထားစိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲသီးနှံအပါအဝင် ကုလားပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပဲလွမ်း၊ ပဲကြား၊ ပဲနောက်၊ ပဲယင် ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံ ၃၈၀၈၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မတ်ပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)