အင်္ဂပူ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်စဉ်(၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလတွင် သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူ၍ ရပ်ရွာပြည်သူလူထု လေးစားယုံကြည်အားကိုးလောက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်နှင့် အဖွဲ့များက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ၊ စာရေးကိရိယာများ ပေးအပ်ရာသင်တန်းသားများက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် အမှတ်စဥ် (၁/၂၀၂၄)အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦးဖြင့် (၈-၁-၂၀၂၄)ရက်နေ့မှ (၂-၂-၂၀၂၄)ရက်နေ့အထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်ဆက်)