ပြည်မြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဥ်ဖြင့် ဒေသတွင်းရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပြည် ဇန်နဝါရီ ၈

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဥ်ဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ဆေးကုသဆောင်သစ်၌ ဒုတိယနေ့ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နှင့်ဒေသတွင်းရှိ ရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို ယခုလ ၇ ရက်မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာဆောင်ရွက်ပေးခြင်းဖြစ်ပြီး မည်သူမဆို‌အခမဲ့ကျန်းမာရေးစစ်ဆေးကုသမှုများ လာရောက်ခံယူနိုင်‌ကြောင်းနှင့် အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအဖွဲ့က ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ဆီးချိုဟော်မုန်းနှင့် ကင်ဆာရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ မျက်စိ/နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါအစရှိသည့် အထွေထွေရောဂါများအား သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး လူနာများအတွက် (တစ်ပတ်စာ)ဆေးဝါးများ အခမဲ့ပေးအပ်‌ကာ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ကြောင်းသိရသည်။ ပြည်သူ့ဆေးရုံကြီး၌  ယနေ့တွင် ဒေသတွင်းရှိ သံဃာတော်နှင့် သီလရှင်များအပါအဝင် ရဟန်းရှင်လူပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် လာရောက်ဆေးကုသစစ်ဆေးမှုခံယူကြ‌ကြောင်းနှင့် ကျန်းမာရေးကုသခံယူသူများအား ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများက လိုက်လံကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

Ksett(IPRD)