အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

ဇလွန် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက မီးသတ်တပ်ဖွဲ့တွင် ရှိသည့် အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကာလတွင် သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူ၍ ရပ်ရွာပြည်သူလူထု လေးစားယုံကြည်အားကိုးလောက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ၊ စာရေးကိရိယာများ၊ ဆေးဝါးထောက်ပံ့ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို (၈-၁-၂၀၂၄) ရက်နေ့မှ (၂-၂ -၂၀၂၄)ရက်နေ့အထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်

(ပြန် / ဆက်)