ကြံခင်းမြို့တွင် မဟာဇိနဃရစေတီတော်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင်လှူ ရေစက်ချအလှူတော်မင်္ဂလာပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မဟာဇိဃရစေတီတော်မြတ် ရွှေသင်္ကန်းဆက်ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင် လှူရေစက်ချအလှူတော် မင်္ဂလာပွဲကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်အေးဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မဟာဇိနဃရစေတီတော်မြတ်သည် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူ ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီး၏ ဇိနသရသံ တန်ဆောင်တော်ပေါ်၌ တည်ရှိပြီး ဉာဏ်တော် အမြင့် (၂၄)ပေနှင့် ထီးတော်အမြင့်မှာ (၉)ပေရှိကြောင်းနှင့် မဟာဇိနဃရစေတီတော်မြတ်နှင့် အရံစေတီတော်လေးဆူတို့အား ရွှေဆေးရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊  စတီးရွှေထီးတော် တင်လှူခြင်းကို ရွှေပြည်အေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မဝရ ဦးဆောင်မှုဖြင့်  စေတနာရှင် ဒါယကာ၊ ဒါယိကာမများက မြတ်နိဗ္ဗာန်သို့ ရည်မှန်းကာ စုပေါင်းလှူဒါန်းကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းမှုများအတွက် ရေစက်ချအလှူတော်မင်္ဂလာပွဲကျင်းပရာ  မြို့နယ်အတွင်းရှိ ဩဝါဒ ဆရာတော်ကြီး(၇)ပါးပင့်ဖိတ်ပြီး  စေတနာရှင် အလှူ့ဒါယကာ၊ ဒါယိကာမများက "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး  ရွေပြည်အေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ၊ "ထီးတော်တင်လှူဒါန်းရခြင်းအကျိုး" တရားတော်အား နာယူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ဩဝါဒဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းနှင့် ညနေပိုင်းတွင် အာဟာရဒါနစတုဒိသာ ထမင်း ကျွေးမွေးလှူဒါန်းကြပြီး  လှူဒါန်းမှုစုစုပေါင်းမှာ (၄၅)သိန်းကျော်ဖိုး လှူဒါန်းကြောင်း ရွှေပြည်အေးဘုန်းတော်ကြီးကျောင်းတိုက် အကျိုးတော် ဆောင်ထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)