ကျုံပျော် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းသူလေးများက " မင်္ဂလာပါ" သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေကြပြီး၊ ကျောင်းအကျိုးတော်ဆောင် ဆရာကြီးဦးမျိုးကြည်က အမှာစကားပြောကြားကာ အလှူရှင်အသီးသီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် ကာယ၊ ဥာဏပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုလေးက ကျေးဇူးတင်စကား ပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းသီဆိုကာ အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)