ပေါက်ခေါင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်း၌ မီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဦးစွာပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက သင်တန်းသားများအတွက် တူညီဝတ်စုံများကို ပေးအပ်ပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို မြို့နယ်အတွင်းမှ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ယနေ့မှစ၍ ရက်သတ္တ ၄ ပတ်ကြာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)