မြောင်းမြ ဇန်နဝါရီ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြောင်းမြမြို့ စက်မှုဇုန်ရှိ Paddy Stay Co.Ltd ၏ ခိုင်ဖြိုးကျော် အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စက်ရုံအတွင်း ဆန်ကြိတ်ခွဲ သန့်စင်ထုပ်ပိုး နေမှုနှင့် သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ခိုင်ဖြိုးကျော် အဆင့်မြင့်ဆန်စက်တွင် ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပသို့ တင်ပို့ရန်အတွက် အဆင့်မြင့်ဆန်များ သန့်စင်ခြင်း၊ ထပ်မံကြိတ်ခွဲခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ဆန်အရောင်တင်ခြင်းနှင့် အရောင်ခွဲခြားခြင်း၊ သတ်မှတ်အရည် အသွေးပြည့်မီရေး စစ်ဆေးခြင်း၊ အိတ်သွပ်ထုပ်ပိုးခြင်း လုပ်ငန်းစဉ်များ၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး Export ဆန်တင်ပို့မူကို တိုးမြင့်ဆောင်ရွက်ရေး၊ လိုအပ်သော ဆန်စက်အပိုပစ္စည်းများနှင့် အဆင့်မြင့်စက်ယူနစ်များ ပြည်ပမှ တင်သွင်းနိုင်ရေး၊ ဆန်အရည်အသွေး ပြည့်ဝစေရေး၊ ဒေသအတွင်း ဆန်ဖူလုံရေး တို့ကို ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)