အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အိမ်မဲ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၏ ရွေညီလာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁)အိမ်မဲ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာသန်းဌေးက အဖွင့်အမှာ စကားပြောကြားပြီး အ.ထ.က (၁)အိမ်မဲ ကျောင်းအုပ်ဆရာကြီး ဒေါ်သီတာလင်းလင်းခိုင် ကကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး အ.ထ.က (၁) ဂုဏ်ဆောင် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး အ.ထ.က (၁)အိမ်မဲ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)