ကျွန်းလှ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးရာနှုန်းပြည့်ရိတ်သိမ်းပြီး တစ်ဧကပျှမ်းမျှ ၇၃ ဒသမ ၄ဂ တင်းထွက်ရှိကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်အတွင်းရှိလယ်၊ ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးကို ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီးဘောင်ပျိုး၊ ရိုးရိုးပျိုးထောင်၊ မျိုးစေ့တိုက်ရိုက်ချ၊ SRI စိုက်နည်းစနစ်တွေနဲ့ စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန်လျာထားရာမှာ ၃၄၀၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ အသိပညာပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်နှင့် ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ