ကျောင်းကုန်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ် (၄) ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ဓမ္မာရုံ၌ "ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း" ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး၊ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ကုဏ္ဍလက ကုသိုလ်တော်ဆေးခန်း၏ ရည်ရွယ်ချက်မှာ "နွမ်းသူတွေ လန်းဖို့စွမ်းသူတွေထမ်းစို့" ဟု ဆောင်ပုဒ်နှင့်အညီ မိမိတို့မြို့နယ်အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ ဩဝါဒပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်က ကုသရေးအတွက် အားလပ်မည့်ရက်ကို သတ်မှတ်ရွေးချယ်ပေးဖို့၊ အချိန်နှင့်ရက်ကိုလည်း စဉ်းစားပေးကြဖို့ ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင် (၂) ဦးတင် မောင်တို့က ကုသိုလ်တော်ဆေးခန်းဖြစ်မြောက်ရေးမှာ လိုအပ်တာပြောပါ ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ကုဏ္ဍလ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အေးနိုင်နှင့်ဆရာဝန်များ၊ အငြိမ်းစားသူနာပြုများ၊ မြို့မိမြို့ဖအလှူရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)