သာပေါင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပညာရေးစုံညီပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကာယ၊ ဥာဏထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ကျင်းပခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ် ပညာရေးစုံညီပွဲတော် ဆိုင်းဘုတ်ကို ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းသန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ပေးကာ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းသန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး၊ ကာယ၊ ဉာဏ၊ သင်ထောက်ကူပြိုင်ပွဲ၊ ကဗျာလွတ် ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်း၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ တတ်ရောက်သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ပုသိမ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးနှင့် စက်မှုအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်းတို့က အကျယ်တဝင့် ရှင်းလင်းပြောကြားကြသည်။
အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများက ကျောင်းသား၊ ကျောင်းသူများမှ အကအလှ ပဒေသာကပွဲများဖြင့် တင်ဆက်ကပြ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)