သာပေါင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းပွဲကိုယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပကြသည်။
သံဃနာယကနှင့် ဝိနည်းဓိုရ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်း လက်မှတ်ချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းပွဲတွင် အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၏ ဦးစီးပဓါန၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တပညာဇောတက ကျေးဇူးတင်ဝမ်းမြောက်စကားမြွက်ကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ သံဃနာယကဥက္ကဋ္ဌ မဟာဂန္ဓဝါစက ပဏ္ဍိတဘဒ္ဒန္တဝိဇယ (ရွှေမစိုးရိမ်ကျောင်းတိုက်) ဆရာတော်မှ သင်တန်းဆင်းဩဝါဒ စကားပြောကြားပြီး သင်တန်းနည်းပြဆရာတော်ကြီးများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်ဇော်တို့က လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းပြီး” ဗုဒ္ဓသာသနံစိရံသိဌတု” သုံးကြိမ်ရွတ်ဆိုအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)