အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဆောင်းရာသီအားကစားပွဲတော်နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးတင်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြယှဉ်ပြိုင်မှု တစ်မျိုးဖြစ်ကြောင်း၊ ယခုဆောင်းရာသီ အားကစားပွဲတော်နှင့် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများ အနေဖြင့် အားကစားသမားကောင်းများ၏ အမူအကျင့်နှင့် ပင်ကိုယ်စွမ်းရည်များကို ဖော်ထုတ်ယှဉ်ပြိုင်ပြီး အားကစားသမား အချင်းချင်းချစ်ခင်ရင်းနှီးစွာဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား မြို့နယ်ဘင်ခရာတပ်ဖွဲ့နှင့် အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေပေးခဲ့သဖြင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး EP အသင်းနှင့် EC အသင်းတို့ယှဉ်ပြိုင်မည့် ပထမပွဲစဉ် အဖွင့်ဘောလုံးအား ဘောလုံးကွင်း အတွင်းသို့ကန်သွင်း၍ စတင်ယှဉ်ပြိုင်ခဲ့မှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော် (ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်) နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)