ကဝ ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ကဝ)ဆရာကျော့ခန်းမ၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို အ.ထ.က(ကဝ) ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသားသီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကဝမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အ.ထ.က(ကဝ)ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ကြပြီး အ.ထ.က(ကဝ) ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)