ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ၌ ကျေးလက်ရေရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိနေပြီဖြစ်

ပွင့်ဖြူ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အဆိုပါ ကျေးရွာ၌ ကျေးလက်ရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားသဖြင့် ဇန်နဝါရီလ ၃ ရက်နေ့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ကျေးလက်ရေရှိရေးလုပ်ငန်း ရေစက်ရုံဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်၍ ကျေးရွာရေကော်မတီဝင်များထံ ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်သည့် အထောက်အထား မှတ်တမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာနေပြည်သူများက ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ပေးမှုအပေါ် ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဒသမ ၆၈၆၀ သန်းဖြင့် မြေအောက်အနက်ပေ ၅၀၀၊ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တည်ဆောက်ခြင်း၊ အကျယ်အဝန်း (၅ပေ×၅ပေ×၇ပေ) ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့တွင်  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုအခါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျွဲတိကျေးရွာ၌ ကျေးလက်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၄၆၅ အိမ်၊ လူဦးရေ ၂၂၅၁ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ ရာသီမရွေး ဖူလုံစွာ သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများကိုလည်း သောက်သုံးရေ စနစ်တကျ ရယူသုံးစွဲနိုင်ရန်နှင့် ရေစက်ရုံ ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ကျေးရွာရေကော်မတီဝင်များကို စက်ရေတွင်းထိန်းသိမ်းနည်းစနစ်များနှင့် ရေဖိုးရေခကောက်ခံခြင်းလုပ်ငန်းများကိုလည်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)