ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရွှေတောင် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအုန်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ဒု-တပ်ရင်းမှူးဦးအေးမြင့်က သင်တန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄)သင်တန်းကို ရည်ရွယ်ချက်(၃)ရပ်ဖြစ်သည့် သတိ၊ သစ္စာ၊ သတ္တိဟူသောဆောင်ပုဒ်နှင့်အညီနိုင်ငံတော်မှ ချမှတ်သည့်ထားသည့် မူဝါဒများကို သိရှိနားလည်သဘောပေါက်ပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်၊ အခြေခံမီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာများကို ကိုယ်စီကျွမ်းကျင်စွာတတ်မြောက်စေရန်၊ လက်တွေ့အသုံးချနိုင်စေရန်အတွက် ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးအုန်းမြင့်က အရန်မီးသတ်တပ်ဖွဲ့၀င်များအတွက် တူညီ၀တ်စုံများပေးအပ်ရာ မြို့နယ်အရန်မီးသတ် ဒု-တပ်ရင်းမှူးဦးအေးမြင့်မှ  လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းအား (၈.၁.၂၀၂၄)မှ (၂.၂.၂၀၂၄)ထိ (၄)ပတ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ(၃)ဦးဖြင့် သင်တန်းသား(၅၀)ဦးတို့အား အခြေခံမီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)