ဘောဂလိ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းလုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်၌ မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဉပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဉပဒေနှင့်အညီထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများတက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ဟူသည့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့် သတ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒါဏ်များပါဝင်ကြောင်း သိရသည်။
ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုရရှိစေရန်အတွက် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)