ရေဖြူ၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ရေဖြူ ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်  အ.ထ.က ရေဖြူကျောင်းခန်းမတွင် (၂၀၂၃-၂၀၂၄) ခုပညာသင်နှစ်အတွက် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ရာ ကျောင်းသူ/သားများက ကျောင်းသီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားပေးခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ(အင်္ဂလိပ်/သင်္ချာ)ထူးချွန်ဆု ရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်မှ ကျောင်းသူ/သားများအား  မြို့နယ်ပညာရေးမှူး ဦးမင်း‌အောင်ဝင်းနှင့် ‌ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အ-ထ-က ရေဖြူမှ မူလတန်းအဆင့်ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြပြီး နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ