(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သိမ်တော်ကြီး-ကမော့ကစင် ကွန်ကရစ်လမ်းဖွင့်

ဘားအံ ဇန်နဝါရီ ၈

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ (၂၀၃၄ ဒဿမ ၃၆) သန်းဖြင့် ဆောင်ရွက်သော သိမ်တော်ကြီး-ကမော့ကစင်လမ်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့ရှောင်လမ်းနှင့်ဆုံရာ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ သိမ်တော်ကြီး-ကမော့ကစင်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဘားအံမြို့တွင်း ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ အဆင်ပြေချောမွေ့စွာ အချိန်ကုန်သက်သာစွာဖြင့် တိုက်ရိုက်သွားလာနိုင်ပြီး ထိုမှတစ်ဆင့် ဘားအံမြို့ရှောင်လမ်းအတိုင်း မြို့အဝင်ဆင်ဖြူတော်အဝိုင်း၊ သံလွင်တံတား-ရန်ကုန်ဘက်ကိုလည်ကောင်း၊ ကော့ကရိတ်-မြဝတီဘက်ကိုလည်းကောင်း၊ ဘားအံ-ကြာအင်းလမ်းအတိုင်း ဟိုတယ်ဇုံ၊ ဇွဲကပင်တောင်ခြေ လုမ္ဗနီဥယျာဉ်ဘက်ကိုလည်းကောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကွန်ရက်များအတိုင်း ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစွာ၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်နည်းပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက လမ်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သိမ်တော်ကြီး-ကမော့ကစင်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယနေ့ဖွင့်လှစ်သောလမ်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာရေးကိုရှေ့ရှုလျက် ယခင်တောင်ယာသွားလမ်းအဖြစ် လူသွားလမ်းသာသာ ရှိခဲ့သောလမ်းကို ၂၀၂၁ ခုနှစ် မီနီဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၂ ဒသမ ၅၅၉)သန်းဖြင့် ပေ(၃၀)အကျယ်မြေသားတစ်ကြောင်းထိုး လမ်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ် (၄၉၅ ဒဿမ ၂၄) သန်းဖြင့်  ရေစီးရေလာကောင်းမွန်ရန်နှင့် ရေထွက်ပေါက်များအဆင်ပြေစေရန် သံကူကွန်ကရစ် Box-Culvert(၈)စင်း ပါဝင်သော အမာခံမြေသားလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ကာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၂၀၃၄ ဒဿမ ၃၆)သန်းဖြင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း (၂ ဒဿမ ၈၉၁) ကီလိုမီတာ၊ Box Culvert (၁၃)စင်း၊ ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းတွဲလျက် (၁၉၀၉) ပေ၊ ကျောက်စီမြေထိန်းနံရံ (၄၉၂) ပေ စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်လမ်း၊ တံတားလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွန်းညကျေးရွာ၊ လွန်းညရေပြာအိုင်အနီးရှိ ယာယီယာဉ်ချိန်းကွင်းတွင် မြဝတီကုန်သွယ်ရေးဇုန်မှထွက်ခွာလာသော ကုန်တင်ယာဉ်ငယ်များမှ ကုန်စည်ပစ္စည်းများအား ကုန်တင်ယာဉ်ကြီးများပေါ်သို့ ပြောင်းလဲတင်ဆောင် ခရီးဆက်လက်ထွက်ခွာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ကျုံဒိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က မီးဘေးသင့်အိမ်ထောင်စုများအား အားပေးစကားများပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံလှူဒါန်းသော မီးဘေးသင့်အိမ်ထောင်စု(၃၉)စုအတွက် အမိုးသွပ် ပြားထောက်ပံ့ လှူဒါန်းငွေကျပ် (၁၉၅)သိန်း၊ ဌာနဆိုင်ရာနေအိမ် (၈)လုံးအတွက် အိမ်တစ်လုံးလျှင် လှူဒါန်းငွေကျပ်(၁၀) သိန်းစီ စုစုပေါင်းငွေကျပ် (၂၇၅)သိန်းတို့ကို မီးဘေးသင့် အိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုးတိုက်နယ်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့်ကျန်းမာ ရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂျိုင်း(ကော့ကရိတ်)တံတား ကျုံဒိုးဘက်ခြမ်းတွင် တိုးဂိတ်(တိုးပလာဇာ) တည်ဆောက်မည့်မြေနေရာ မြေသားလုပ်ငန်း ဆောင်ရွက်ခြင်းအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၏ ဂျိုင်းလျှပ်စစ်မြေရေတင်ရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက မြစ်ရေတင်ဖြင့် ယခုနှစ်နွေရာသီတွင် သီးနှံများစိုက်ပျိုးဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ၊ အခက်အခဲများကိုမေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၏ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ လျှပ်စစ်နှင့်ဆိုလာပေါင်းစပ်၍ တောင်သူများအား စိုက်ပျိုးရေဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)